Saturday, November 17, 2012

ဘ၀အမော

သူမသည် ပျိုးထောင်ထားသော အပင်လေးများကို ကြည့်၍ မ၀ချေ.... ထိုအပင်လေးများကို နေ့ စဉ် ရေလောင်းပေးသည်... ၀ရန်တာတွင်လည်း အပင်လေးများ ရှိသည်.. ဧည့်ခန်းက စားပွဲပေါ်တွင်လည်း တင်ထားသေးသည်...  အပင်လေးတွေသည် သူမကို စိတ်ချမ်းသာမှု့ သာပေးသည်.. နှင်းဆီပန်းပင်လေးတွေဆိုရင်လည်း အပွင့်လေးတွေ ပွင့်ပေးသည်... စိတ်ချမ်းသာစရာကောင်းလှသည်... သူမအသက်ကြီးလာလျှင် အပင်လေးတွေနှင့် သာ နေမည်ဟု စိတ်ကူးသည်... စိတ်ကူးတွေကတော့ အများကြီးမှ အများကြီးဖြစ်သည်...

အိမ်တွင် သူနှင့် သူမ နှစ်ယောက်ထဲသာရှိသည်... သူမသည် two is company, three is crowded  မူကို ကိုင်စွဲထားသည့် အားလျှော်စွာ နှစ်ယောက်ထဲ နေရတာကို သိပ်စိတ်ချမ်းသာသည်...  သူနှင့် သူမသည် 24 နာရီ လုံးလုံး အတူတူရှိကြသည်... စလိုက် နောက်လိုက်နှင့် Tom and Jerry ကဲ့သို့ ဖြစ်သည်... မှတ်မှတ်ယယ သူနှင့် သူမ စပြီး ချစ်ကြိုးသွယ်ခဲ့စဉ်က သူသည် များပြားလှသော အလုပ်ကိစ္စများကြောင့် ခရီးဝေးသို့ အမြဲ သွားရသည်... သို့ သော် 10 ရက်ကြာမည့် ခရီးကို 6 ရက်နှင့် ရအောင်ဖြတ်ပြီး သူမဆီကို အပြေးလာသော သူဖြစ်သည်... အတူနေသည့်အခါတွင်လည်း အငြိမ်သမား ဖြစ်သည့် သူမမှာ သူ့ ခရီးများကို မလိုက်ချင်လည်း လိုက်ရသည်... တစ်နေ့ တော့ သူမ အပြတ်ပြောလိုက်သည်... သူ့ အလုပ်ကို ဖြတ်မည်လား သူမကို ပြတ်မည်လား ဟု မေးပစ်လိုက်သည်... သူက အချိန် 3 လပြီးလျှင် အလုပ်အားလုံးကို နားလိုက်တော့မည်ဟု ဂတိပေးသည်... သူမသည် သိပ်တော့မယုံကြည်.... ဘ၀တွင် ဂတိများကို ပေးခဲ့ပြီး အတတ်မေ့တတ်သည့် ချစ်သူများကို ကြုံတွေ့ ခဲ့ရပြီးသည့်နောက် ဂတိဆိုသည်များကို မကြားချင်ဆုံး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်...

သို့ သော် သူသည် သူပေးခဲ့သော ဂတိကို တည်ကြည်သည်မှာ လက်တွေ့ ဖြစ်ခဲ့သည်... တစ်ခုကောင်းသည်မှာ သူ့ တွင် အလုပ်ကြောင့် စိတ်ဖိစီးမှု့ များ မရှိတော့ချေ... အလုပ်လုပ်ခဲ့စဉ်က သူ့ တွင် အင်မတန် စိတ်ဖိစီးမှု့ များခဲ့သည်... သူမလည်း အလုပ်လုပ်ခဲ့ဖူးသောကြောင့် စိတ်ဖိစီးမှု့ သဘောတရားကို သိသည်... ထို့ ကြောင့်သူ့ ကို သနားသည်... ချစ်သောကြောင့်  ဖြစ်မည်ထင်သည်.. :) ဘ၀မှာ သေလျှင် ကိုယ့်နောက်ဘာမှ မပါဘူး ဆိုသည့် မူကို ကိုင်စွဲထားသော သူမသည် သူ့ ကို နားချသည်... ငွေသည် တစ်ဘ၀အတွက်သာ အသုံးဝင်သည်.. ကုသိုလ်သည် ဘ၀တိုင်းတွင် အသုံးဝင်သည် ဟု သူ့ ကို တရားဟောသည်... ဒီလို တရားဟောသည့် ဘက်တွင်လည်း သူမက ရသည်...  သူမသည်  စိတ်ချမ်းသာမှု့ ကိုသာ လိုလားသည်... သူသည် သူမအတွက် သူငယ်ချင်းကောင်း တစ်ယောက်လို ချစ်သူကောင်းတစ်ယောက်လိုနှင့် အိမ်ထောင်ဘက်ကောင်းတစ်ယောက် လိုပါ ဖြစ်သည်... သူရှိလျှင် သူမအတွက် အရာအားလုံး ရှိသည်...  သူမကို အမှန်တကယ်ချစ်သော သူလောကကြီးတွင် ရှိသည် ဆိုသည့် ယုံကြည်မှု့ ကို ခံစားရသောကြောင့်ပင်  ဖြစ်သည်....

သူသည် သူမကို မျက်နှာတစ်ချက် အငြိုးမခံချေ.... သူ၏ ဆောင်ပုဒ်မှာ သူ့ အမျိုးသမီးသည် စိတ်မဆင်းရဲစေရ ဟု ဖြစ်သည်... သူမ မျက်နှာမကောင်းလျှင် သူသည် သူမကို လိုချင်မည် ထင်သည့်အရာများ ကို မေးတတ်သည်.. ခက်နေသည်က သူ့ ပိုက်ဆံသည် သူမ ပိုက်ဆံဖြစ်သည်... သူမတို့  ပိုက်ဆံသည် သူမ ပိုက်ဆံသာဖြစ်သည်... သူမ ပိုက်ဆံသည်လည်း သူမ ပိုက်ဆံသာ ဖြစ်လေရာ သူမသည် ကပ်စီးနှဲပြီး တစ်ခါတစ်ခါ လိုချင်ပေမဲ့ မ၀ယ်ရက်ဖြစ်ရသည်... အခုလည်း တကယ်တန်းတွင် မလိုအပ်ပေမဲ့ လိုချင်တာတွေ များနေသည်... စိတ်ညစ်သည်... တကယ်တော့ သူသည် လူလည်ကျသူသာ ဖြစ်သည်ဟု မနေ့ ကသူ့ ကို အပြစ်တင်လိုက်သည်... အကယ်၍ သူသည် သူ့ ပိုက်ဆံသည် သူ့ ပိုက်ဆံသာ ဖြစ်သည်ဟု ပြောထားပါက သူမသည် လိုချင်တာ မှန်သမျှ နှစ်ခါ တွေးစရာမလိုဘဲ ၀ယ်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပေသည်... အခုတော့ အခုတော့.... တွေးဆနေရသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်သည်... မကောင်းသည့်နတ်နှင့် ကောင်းသည့်နတ် သူမခေါင်းပေါ်တွင် သူနိုင်ကိုယ်နိုင် ရရှိရေးအတွက် အသေအကြေ ဖိုက်နေကြသည်မှာ အခုထိ မပြီးသေးပါ..  တစ်နေ့ တစ်နေ့ မောနေရနေသည်များမှာ ထိုကဲ့သို့ ကိစ္စများလည်း အပါအ၀င်ဖြစ်ပေသည်.....




Tuesday, October 30, 2012

ဘ၀အိပ်မက်

သူမသည် အိတ်များကို သဘောကျသည်... မိန်းကလေးတစ်ယောက် ကို ကြည့်လျှင် တစ်ခြားသော အရာများကို စိတ်မ၀င်စားပါ... သူတို့ ကိုင်ထားသော အိတ်များကိုသာ စိတ်ဝင်စားစွာ ကြည့်မိသည်...  အိတ်သေးသေးလေး ကအစ သဘောကျလျှင်ဝယ်သည်... အဖိုးမတန်လည်း သူမကြိုက်သည့်အခါ ၀ယ်သည်... တစ်ခါတစ်ခါ ၀ယ်ပြီး မကိုင်ဖြစ်သည့်အခါ မေ့လျော့ခံနေရသော အိတ်များလည်း ရှိသည်။ ပြန်တွေ့ သည့်အခါ အော်.. ဒီအိတ်ကို မေ့နေတယ်ဟု စိတ်ထဲတွင် ဖြစ်မိသည်... သူမသည် အိတ်တွေ ရောင်းသော ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်မိသည်... သူမသဘောကျသော အိတ်များကိုသာ ဆိုင်တွင် တင်ထားမည်... တစ်လကြာသည်အထိ မရောင်းရသေးသော အိတ်များကို သူမ အပိုင်စီးမည်... ဘယ်လောက်ပျော်စရာကောင်းလိုက်မည်နည်း... ၀ဋ်နည်းလည်းလွတ်သည် မဟုတ်ပါလား...  ရောင်းလျှင်လည်း အမြတ် 10% နှုန်းဘဲ ယူမည်ဟု ဆုံးဖြတ်ထားသည်.... ထိုအမြတ်ထဲမှ 5% ကို အလုပ်အတူလုပ်သူများကို ဝေမျှပေးပြီး 3% ကို ထပ်လှူကာ 2 % သာ သူမယူမည်ဟု ဆုံးဖြတ်ထားသည်...

လူတိုင်းတွင် စိတ်ကူးအမျိုးမျိုးရှိသည်... စိတ်ကူးသည် သူတို့ ၏ အိပ်မက်ပင်ဖြစ်သည်... တစ်ချို့ က အိပ်မက်သည့် ဘ၀ကို လွယ်ကူစွာရရှိကြသည်..... တစ်ချို့ က ခက်ခဲသည်... တစ်ချို့ က ကြမ်းတမ်းသည်... တစ်ချို့ က ဘ၀နှင့် အိပ်မက် ထပ်တူမကျကြ.... ဘယ်လိုဘဲ ဆိုဆို သူမတွင် အိပ်မက်များစွာရှိခဲ့သည်.... မှတ်မိသလောက် 5 နှစ်လောက်မှ 12 နှစ်လောက်အထိ မွေးစားမိဘ လိုချင်မိသည်... သူမကို ချစ်သော၊ ဂရုစိုက်သော၊ အလိုလိုက်သော၊ သူမဘက်မှ ရပ်တည်ပေးသော မွေးစားမိဘကို နေ့ တိုင်းစိတ်ကူး အိမ်မက်မိသည်....  အရွယ်ရောက်သည့်အခါတွင် သူမကို ချစ်သော မေတ္တာပေးနိုင်သော သူကို စိတ်ကူးယဉ်မိသည်.... ထင်သလောက်တော့ မလွယ်ကူကြောင်းကို သူမ၏ မျက်ရည်များစွာတို့ က သက်သေခံခဲ့သည်... အချစ်ကို သူမ နာကျင်ခဲ့သည်... အချစ်ဆိုသည်ကို မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... အချစ်သည် အချိန်ပြုန်းစေသော၊ အဓိပ္ပါယ်မဲ့သော၊ လိမ်ညာခြင်း လှည့်စားခြင်းတို့ ၌သာ အဆုံးသတ် ဖြစ်စေသောအရာဟု ယုံကြည်ခဲ့သည်... တကယ်တော့ သူမသည် ကြည်းကို ရွှေသုတ်လိမ်း ထားသောအရာကို ရွှေဟု ယုံကြည်ခဲ့ရမှ သုတ်လိမ်းထားခဲ့သော ရွှေများ ကွာကျခဲ့သည့်အခါ ရွှေဆိုတာ ဒါမျိုးဘဲဟု ထင်မြင်ခဲ့ပြီး မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... တကယ်တော့ သူမသည်လှည့်ဖြားခြင်း ခံခဲ့ရသည်သာဖြစ်ပေသည်...

ယခုတော့ ရွှေဆိုသည်မှာ ဘယ်လိုပင် တိုက်ချွတ်ဆေးကြောစေကာမူ သူ၏ အရောင်အဆင်းနှင့် ဂုဏ်သတ္တိမပျယ်သော၊ အမြဲတန်ဖိုးတက်နေတတ်သော အရာဖြစ်ကြောင်းကို သူမသိရှိလာပြီဖြစ်ပေသည်.... သူမသည် သူမကိုးကွယ်ခဲ့သည့် အချစ်ကို ပို၍ယုံကြည်လာသည်.. မေတ္တာတရား၏ စွမ်းပကားကို ပိုမို နားလည် ခံစားတတ်လာပြီ ဖြစ်ပေသည်.... ဒီအတွက် သူ့ ကို သူမ အလွန်တရာ ကျေးဇူးတင်မိသည်... သူသည် သူမကို အမြဲမြှောက်စားသည်.. အလိုလိုက်သည်... သူမကို မငြူစူ... သူမကို ယုံကြည်မှု့ ရှိသည်...  သူသည် သူမအတွက် ထီးလို အရိပ်လို တံတိုင်းလို ဖြစ်ပေသည်... သူသည် သူမအတွက် အမြဲရပ်တည်သည် မှာ စတွေ့ ကတည်းကဖြစ်သည်.... သူမ၏ မျက်ရည်များကို သူ၏မေတ္တာဖြင့် ရပ်တံ့စေခဲ့သည်... ယုံကြည်မှု့ ပျောက်ဆုံးခဲ့သော သူမသည် သူ့ ကြောင့် အားမာန်များ ပြန်လည်ရရှိခဲ့သည်... အချစ်သည် အဆိပ်ဖြစ်သည်ဟု ယူဆခဲ့သော သူမအတွက် အချစ်၊ မေတ္တာတရားနှင့် စေတနာသည်သာ ဘ၀တွင် အမှန်တကယ် အားကိုးရာ ဖြစ်ကြောင်းနှင့် ဆုံးရှုံးခဲ့ပြီဟု ထင်ခဲ့သော အချစ်များကို ပြန်လည် ရရှိနိုင်ကြောင်းကို သူသည် လက်တွေ့ သင်ကြားပေးခဲ့သည်...

သူမ၏ စိတ်ကူးများသည် လက်တွေ့ ဖြစ်လာသည်... သူမအတွက် ဘ၀သည် အင်မတန် နေပျော်လာသည်...  ကျေနပ်စရာ အတိဖြစ်လာသည်... စက္ကန့် တိုင်းသည် သူမအတွက် တန်ဖိုးထားစရာ ဖြစ်လာသည်... ဤကမ္ဘာတွင် သူမကို အမှန်တကယ် ချစ်သောသူ ရှိပါသေးလား ဆိုသည့် အသိက သူမအတွက် ဘ၀သည် နေချင်စရာဖြင့် အဓိပ္ပါယ် အပြည့်ဖြစ်လာခဲ့သည်... သူမရှာဖွေခဲ့သော၊ ယုံကြည်ကိုးကွယ်ခဲ့သော အချစ်နှင့် မေတ္တာတရားကို ရရှိခဲ့သည့်နောက် ယခုအချိန်တွင် နောက်ဆုံး ထွက်သက် ဖြစ်မည်ဆိုပါက သူမအတွက် ပြုံးရွှင်စွာဖြင့် နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်ပြီ ဖြစ်ပေသည်....


မှတ်ချက်
(ရေးတုန်းက အိတ်အကြောင်းကနေ ဘယ်လိုလုပ် အချစ်အကြောင်းရောက်သွားပါလိမ့်နော်.. မတတ်နိုင်တော့ဘူး.. ရေးပြီးနေပြီ... ပြန်ဖျက်ရမှာ နှမြောစရာ... :()




Thursday, August 2, 2012

နှလုံးသားရဲ့ စကား

ဒီနေ့ ဆိုရင် နှလုံးခုန်သံ သုံးကြိမ်တိတိ ရပ်သည်ကို သူမ စပြီး သတိထားမိသည်။
ပထမအကြိမ်က နေ့ လည်က သီချင်းနားထောင်ရင်း 1 စက္ကန့် လောက် ရပ်သည်။
ဒုတိယအကြိမ်က အပြင်သွားခိုက် ကားမောင်းရင်း နှလုံးခုန်သံ 2 စက္ကန့် လောက် ရပ်သွားခဲ့သည်။
တတိယအကြိမ်ကတော့ အခုလေးတင် ဖြစ်သည်။ 2 စက္ကန့် လောက် ရပ်သွားပြန်သည်။

လန့် သွားလား ကြောက်သွားလားဟု မေးလျှင် မလန့် မကြောက် ဟု ပင် သူမ အမှန်အတိုင်း ဖြေမိမည်။
ဆရာဝန်နှင့် သွားတွေ့ ချင်လား ဆိုလျှင်လည်း မတွေ့ ချင်ဟုပင်ဖြေမည်။
သူမ မတွေ့ ချင်ဆုံးတွင် ဆရာဝန်က ထိပ်ဆုံးက ပါသည်။
သူ့ အနားတွင် ရှိနေခိုက် ဆိုလျှင် သူမ သေမှာလည်း မကြောက် သလို ဘာဆိုဘာမှ မကြောက်ပါပေ။
လောကကြီးတွင် နေပျော်ခဲ့ပြီဘဲ။ သူမ ကျေနပ်ပါသည်။
သူမ ဘ၀တွင် အချစ်တွေ အများကြီးရခဲ့ဖူးသည်။ လိုချင်တာတွေ အတိုင်းအတာတစ်ခုထိ ပြီးပြည့်စုံခဲ့သည်။ တစ်ခုဘဲ ကြောက်သည်။ သူမသိဘဲ၊ သူ့ အနားမှာ မရှိခိုက်တော့ ဘယ်လိုနည်းနှင့်မျှ သူမ မသေချင်သေးပါ..
သေချာသိသည်က သူမ အိမ်အပြန်လာကို သူမျှော်နေပေလိမ့်မည်။
ထိုအခါတွင် သူမ၏ နှလုံးသား ၀ိဥာဉ် သည် သူ မမြင်တွေ့ သော်ငြား သူ့ အနားတွင်သာ ၀ဲပျံနေပါလိမ့်မည်။
ညစဉ်ညတိုင်း အလေ့အကျင့် ရှိသည့်အတိုင်း  သူ အိပ်ရာမ၀င်ခင် ဘုရားရှစ်ခိုးပြီး အမျှဝေပါလိမ့်မည်။
သူမ ကြားသိနိုင်လျှင်ဖြင့် သာဓုခေါ်ဆိုနိုင်ပြီး ရောက်ရာဘ၀မှ ကျွတ်လွတ်နိုင်ကာ နောင်ဘ၀တစ်ခုတွင် ကြိုပြီး သူ့ ကို စောင့်နေပါလိမ့်မည်။
ဘ၀တိုင်း ဘ၀တိုင်းမှာလည်း ပျော်ရွှင်စွာဖြင့် သူနဲ့ သာ ပြန်လည် ဆုံဆည်းခွင့်ရချင်ပါသည်။
ဤသည်မှာ သူမ ၏ တစ်ခုတည်းသော ဆန္ဒမှန် နှလုံးသားမှန်သာ ဖြစ်ပါတော့သည်။







Thursday, July 5, 2012

နောက်ဆုံးစကားများ

နှစ်ဦးသား ချစ်တယ်ထင်လို့ ချစ်သူဖြစ်ခဲ့ကြသလို ဘ၀ခရီးလမ်းကို အတူလက်တွဲ လျှောက်ဖို့  မဖြစ်နိုင်တော့တဲ့အခါ လမ်းခွဲချိန်ဆိုတာ ရှိလာခဲ့ပါတယ်... နောက်ဆုံးစကားလေးတွေကို အမှတ်တရ အဖြစ် ချရေးပါတယ်....

1   အဲ့ဒါ ဘာဖြစ်လို့ လဲဆိုတော့ ကို စိတ်ကုန်သွားလို့ ဘဲ....
2   ကိုကိုသွားတော့မယ်... ဘိုင့်ဘိုင်
3   ငါဆုံးဖြတ်လိုက်ပြီ .... ငါ မ,ကိုဘဲ ရွေးလိုက်တော့မယ်...
4   နင့်ကို မေ့လိုက်တော့မယ်... ငါ့ဆီ နောက်ဘယ်တော့မှ မလာနဲ့ တော့...
5   နင့်ကိုငါ နောင်ဘ၀ထိ ချစ်နေမှာပါ....
6   နင်နဲ့ ငါနဲ့ က ပြတ်သွားတာ ကြာပြီ မဟုတ်လား... အေး မပြတ်သေးလဲ အခုပြတ်ပြီလို့ မှတ်လိုက်တော့ဟာ...
7   ငါသွားတော့မယ်.. နောက် ဘယ်တော့မှ နင့်ကို မတွေ့ တော့ဘူး...
8   မင်းဘ၀မှာ ငါလို ချစ်တဲ့သူမျိုး ဘယ်တော့မှ တွေ့ မှာ မဟုတ်တော့ဘူး... မင်းမှတ်ထားလိုက်ပါကွာ...
9   သွားမယ်.. ယူ့ ကို နုတ်ဆက်ခဲ့လိုက်ပါပြီ...
10  သွားတော့မယ်... နောင် လမ်းမှာ တွေ့ လို့ ရှိရင်လည်း နုတ်ဆက်ချင်စိတ်ဖြစ်ရင် နုတ်ဆက်လိုက်ပေါ့...
11  ယုံကြည်ခဲ့တာကိုက အသိဥာဏ်မရှိခဲ့လို့ ပါ။ ခွင့်လွှတ်ပါတယ်....
12  Hello.. nice to see you......

မှတ်ချက်
အမှတ်စဉ် (12) က မဖြစ်မနေ နုတ်ခွန်းဆက်လိုက်ရတဲ့ နောက်ဆုံး နုတ်ဆက်စကားမျှသာပါ.....






Monday, June 25, 2012

သူငယ်ချင်း (1)

ဘ၀မှာ လူတိုင်း လူတိုင်းဟာ သူငယ်ချင်းတွေ ရှိကြမှာပါ။ တစ်ချို့ က အခွင့်အရေး ရယူဖို့  အတွက် သူငယ်ချင်း လုပ်ကြတာမျိုးပါ။ တစ်ချို့ ကတော့ တကယ့်ကို စိတ်ရင်းနဲ့ ပေါင်းတဲ့ သူပါ။ ကျွန်မ ဘ၀မှာ သူငယ်ချင်းများစွာ ရှိခဲ့ဖူးပါတယ်။ အမှတ်ရစရာ သူငယ်ချင်းတွေ ရှိခဲ့သလို ဘ၀တစ်ကွေ့ မှာ ချန်ထားခဲ့ ရတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ဖူးပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ထိုသူငယ်ချင်းများကို မမေ့နိုင်ပါဘူး။ ပြန်ဆုံခွင့် ရမယ်ဆိုရင်လည်း  ပြန်ဆုံချင်ပါသေးတယ်။ အဲ့ဒီ့အထဲကမှ ကျွန်မဘ၀မှာ အမြဲတမ်း အမှတ်ရမိနေတဲ့ သူငယ်ချင်းများကို အမှန်တယ အဖြစ် ဖေါ်ပြချင်ပါတယ်... တကယ်တော့ အားလုံး အကြောင်းကို အတိုချုပ် နဲနဲလောက်စီဘဲ ရေးဖို့ ပါ။ ဒါပေမဲ့ အဲ့ဒါဆိုရင် ဒီပို့ စ် က တော်တော်ရှည်သွားမှာမို့ သူငယ်ချင်း တစ်ယောက်ချင်းစီအကြောင်းကိုဘဲ ပို့ စ် တစ်ခုစီ အနေနဲ့  ရေးသွားပါမယ်...

ဇွန်ဇွန် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို အရင်ဆုံးပြောပြချင်ပါတယ်...
ဇွန်ဇွန် ဟာ သိပ်ကိုချမ်းသာတဲ့ မိသားစုကပါ။ ဒါပေမဲ့ အေးအေးဆေးဆေး နေတတ်ပြီး စာသိပ်တော်ပါတယ်.. ကျွန်မကိုလည်း အင်မတန် ခင်ပါတယ်... အလိုလိုက်ခဲ့ပါတယ်... ကျောင်းတက်စဉ်က ကျွန်မက 24 နှစ်ပါ။ ဇွန်ဇွန်ကတော့ အဲ့ဒီ့အချိန်တုန်းက 18 နှစ်တောင် မပြည့်သေးပါဘူး... ဒါပေမဲ့ သူဟာ လူကြီးသိပ်ဆန်ပါတယ်... လူတွေ အကြောင်းကို နားလည်ပါတယ်.... ကျွန်မတို့ တက်တဲ့ဒီပလိုမာကျောင်းမှာ ကြိုဆိုပွဲ ရှိတဲ့နေ့ က ကျွန်မတို့ အုပ်စုထဲက သူငယ်ချင်း တစ်ယောက်ကို သေချာပြောထားရဲ့ နဲ့  ဖလင်မ၀ယ်လာတာကြောင့် ကင်မရာရှိပေမဲ့ ဓါတ်ပုံ မရိုက်ရလို့  ကျွန်မငိုတော့လည်း အင်မတန်ကို ဂရုစိုက်ပြီး ကြင်နာစွာနဲ့ ကျွန်မဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်... နောက်ဆို တစ်ခုခုဆို ဇွန့် ကိုအရင်ပြောပါလို့  ကျွန်မကို မျက်ရည်သုတ်ပေးရင်း ပြောရှာပါတယ်....

တစ်ခါတစ်ခါ တခြားအုပ်စုက သူငယ်ချင်းတွေနဲ့ သွားပေါင်းတဲ့ ကျွန်မကိုလည်း နားလည်ပေးခဲ့ပါတယ်...
ကျောင်းတက်ပျင်းတဲ့ ကျွန်မကို ကျောင်းတက်ချင်အောင်လည်း  စည်းရုံးခဲ့ပါတယ်... အမြဲ အမှတ်ရနေမဲ့ တစ်ခုကတော့ စာမေးပွဲကြီး နောက်ဆုံးနေ့ မှာ ကျွန်မမောင်းတဲ့ကားက သူများကားကို တိုက်လိုက်မိပါတယ်... မျက်စိပျက် မျက်နှာပျက်နဲ့  အတန်းထဲကို ၀င်လာတဲ့ ကျွန်မကို သူငယ်ချင်းများထဲမှာ အရင်ဆုံး သတိပြုမိသူက ဇွန်ဇွန်ရယ်ပါ။ အမတစ်ခုခုဖြစ်လာသလား ဆိုပြီး စိုးရိမ်စိတ်နဲ့ ကျွန်မလက်ကို ကိုင်ပြီးဂရုတစိုက် မေးရှာပါတယ်..  ကျွန်မက သူများကားကို တိုက်လိုက်တယ်၊ သူများကားက ဖြေရှင်းလို့ ရတယ် ဒါပေမဲ့ အိမ်က ကားက အိမ်နဲ့ ပြသ၁နာတက်မှာလို့  ပြန်ဖြေတော့ ချက်ချင်း ကားကို လိုက်ကြည့်ပါတယ်.. ပြီးတော့ ကျွန်မကို စိတ်မပူဖို့ နဲ့ ဒါလေးက အပျော့ပါ အမရယ်.. စိတ်အေးအေးထားပြီး စာမေးပွဲကိုသာ အာရုံစိုက်ပြီး ဖြေပါ။ ဇွန်အားလုံး ဖြေရှင်းပေးပါ့မယ်လို့  ဂတိပေးခဲ့ပါတယ်.. အဲ့ဒီ့တုန်းက ကျွန်မနည်းတူ ဇွန်ဇွန့် မှာ အရေးကြီးလှတဲ့ စာမေးပွဲကြီးကို အချိန်တစ်ဝက် ( တစ်နာရီခွဲ) နဲ့ ရပ်ပြီး ကားတိုက်တာကို  ကျွန်မအိမ်က မသိအောင် သူ့ သူငယ်ချင်း တစ်ယောက်ကိုပါ စာမေးပွဲကို အချိန်တ၀က်ဘဲ ဖြေစေပြီး ကားဆေးစပ်ပေးတာနဲ့ ဝပ်လျှော့ ပို့ ပေးတာတွေ အကုန်လုံး လိုက်ပြီး အဆင်ပြေအောင် စီစဉ်ပေးရှာပါတယ်... အားလုံး အချိန်မှီပြီးခဲ့တာကြောင့် ကျွန်မအိမ်က အဲ့ဒီ့အကြောင်းကို အခုထိ လုံးဝ မသိခဲ့ပါဘူး... ရည်မှန်းချက်ကြီးပြီး စာသိပ်တော်တဲ့ ဇွန်ဇွန်ဟာ စာမေးပွဲကြီးကို အချိန်စေ့ အပုဒ်စေ့ ဖြေချင်ရှာမှာပါ။ ဒါပေမဲ့ ကျွန်မအတွက် အရေးကြီးလှတဲ့ စာမေးပွဲကြီးကို ပစ်ပြီး အချိန်တစ်ဝက်ဘဲ  ဖြေခဲ့ပါတယ်...  အဲ့ဒီ့အတွက် အမြဲထာဝရ ကျေးဇူးတင်နေမှာပါ ဇွန်ဇွန်...

ဇွန်ဇွန်ဟာ ကျွန်မသွားချင်တဲ့ တခါမှ မရောက်ဖူးခဲ့တဲ့ ကျိုက်ထီးရိုးကို သူ့ အိမ်က ဇိမ်ခံကားနဲ့ နေ့ ချင်းပြန် ရအောင် ပို့ ပေးခဲ့ပါတယ်... ကျွန်မအလုပ်လုပ်တော့လည်း အမြဲတမ်း အဆင်ပြေမပြေကို မေးပြီး အားပေးပါတယ်... တနင်္ဂနွေနေ့ တိုင်း မနက်ပိုင်းမှာ ကျွန်မအိမ်ကို လာခေါ်ပြီး မနက်စာ ဘူဖေးကို ဟိုတယ်မှာ အပတ်တိုင်း သွားစားဖြစ်ကြပါတယ်...  ကျွန်မကို သူ့ အမ တစ်ယောက်လို အင်မတန်လည်း ဂရုတစိုက် ရှိလှပါတယ်...  2002 ခု နှစ်လယ်လာက်မှာ ဇွန်ဇွန်ဟာ အမေရိကားကို ပညာသင်ဖို့  ထွက်သွားပါတယ်..  ကျွန်မကို ခရီးမသွားခင် ညနေမှာ လာတွေ့ ပြီး နုတ်ဆက်ညစာကို တကူးတက လိုက်ကျွေးခဲ့ပါသေးတယ်... အမေရိကားရောက်တော့လည်း ဖုန်းလှမ်းဆက်တက်ပါတယ်..  ကျွန်မတို့ လည်း အိမ်ပြောင်းတော့ အဆက်အသွယ်ပြတ်သွား သလို ရှိပေမဲ့  ဇွန်ဇွန်က ကျွန်မကို ရအောင်ပြန်ဆက်သွယ်ဖြစ်တာပါဘဲ...

ကျွန်မအပေါ်ကို အင်မတန်ကောင်းခဲ့ပြီး စိတ်ငြိုငြင်မှု့ ကို အနည်းငယ်တောင် မဖြစ်စေခဲ့တဲ့ သူငယ်ချင်း ဇွန်ဇွန်ကို မကြာခဏ သတိတရ ရှိလှပါတယ်..... ကျွန်မ အိမ်ထောင်ကျတော့မဲ့ အချိန်က ဇွန်ဇွန်နဲ့  အဆက်အသွယ် ပြန်ရပါတယ်.. နှစ်တွေပြောင်းခဲ့ပေမဲ့ ဇွန်ဇွန်ဟာ ကျွန်မအပေါ်ကို မပြောင်းလဲတဲ့ ခင်မင်မှု့ နဲ့  ခင်မင်နေဆဲဘဲ ဆိုတာ ဘယ်သောအခါမှ လုံးဝ သံသယ မရှိခဲ့ပါဘူး... ကျွန်မဟာ အဲ့ဒီ့ ဒီပလိုမာသင်တန်း တက်ခဲ့တဲ့ အချိန်မှာ ကောင်းမွန်တဲ့ သူငယ်ချင်းတွေနဲ့  တွေ့ ခဲ့ရပါတယ်....  သင်ယူခဲ့တဲ့ ပညာနဲ့ အသုံးမချခဲ့ရပေမဲ့ သူငယ်ချင်းကောင်းတွေ ရခဲ့တဲ့အတွက် အလွန် ကျေနပ်မိပါတယ်.... ဇွန်ဇွန်ဆီက တော်တော်များများကို ကျွန်မသင်ယူနိုင်ခဲ့ပါတယ်.... သူငယ်ချင်းကောင်း တစ်ယောက် အနေနဲ့ သာမက သူ့ အမတစ်ယောက်လိုပါ ကျွန်မကို ချစ်ခင်ခဲ့တဲ့ သူငယ်ချင်း ဇွန်ဇွန်ကို အဝေးမှာ ရောက်နေပေမဲ့ ကျွန်မဘ၀မှာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး.... ဘာ့ကြောင့်လဲ ဆိုတော့ ဇွန်ဇွန်ရဲ့ စိတ်သဘောထားမြင့်မြတ်မှု့  နဲ့  ခင်မင်မှု့ ကို ကျွန်မ မယှဉ်နိုင်ခဲ့လို့ ဖြစ်ပါတယ်....






Sunday, June 24, 2012

ကမ်းခြေမှာ

အိမ်နဲ့ 3 ကီလိုဘဲ ဝေးတဲ့ အတွက် ပင်လယ်ကမ်းခြေကို နေ့ တိုင်းလိုလို ရောက်ဖြစ်ပါတယ်...
ပိတ်ရက်မဟုတ်တဲ့ နေ့ တွေ ဆိုရင် ပင်လယ်ကမ်းစပ်မှာ လူသိပ်မရှိပါဘူး...
အဲ့ဒီ့တော့လည်း ရှင်းရှင်းလင်းလင်းနဲ့ ကြည့်ရတာ တစ်မျိုးကောင်းတာပါဘဲ...
ပိတ်ရက်တွေမှာတော့ အင်မတန် လူများလှပါတယ်...
လူများတဲ့ အခါလည်း ကြည့်လို့ ကောင်းတာပါဘဲလေ....

ပင်လယ်ကြီးကို ကြည့်ရတာ၊ ပင်လယ်လေကို ရှူရတာ စိတ်လွတ်လပ်မှု့ ၊ စိတ်ကြည်နှုးမှု့ ၊ နဲ့ အတူ
စိတ်ပျော်ရွှင်မှု့ တို့ ကိုပါ ခံစားရပါတယ်...
တစ်ခါတစ်ခါ ပတ်ဝန်းကျင်ကလည်း စိတ်ကို ပြောင်းလဲပေးနိုင်တယ် မဟုတ်ပါလား...
သူနဲ့ အိမ်မှာ မပြောဖြစ်၊ မဆွေးနွေးဖြစ်တာတွေလည်း ပြောဖြစ်၊ ဆွေးနွေးရင်းပေါ့လေ..
အိမ်မှာနေရင် သူရော ကိုယ်ရော ကွန်ပြူတာရှေ့ ကမှ မခွာတော့လည်း... ဘယ်လိုလုပ် ပြောဖြစ်ကြပါ့မလဲ....
နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ ရေး၊ တွေနဲ့ ရန်ကုန်က မိသားစုအရေး တွေအပြင် သူ့ အတွေ့ အကြုံ၊ ကိုယ့်အတွေ့ အကြုံတွေပါ ဆွေးနွေးဖလှယ်ဖြစ်ပါတယ်...
ဒါတွေမှ မပြောရင် နေ့ တိုင်းဆိုတော့ ပြောစရာ မရှိတာလည်း ပါတာပေါ့လေ...
ဒီလိုဘဲ ဟိုအကြောင်း ဒီအကြောင်း ရှာကြံပြောရတော့တာပေါ့...

ဆွေးနွေးစရာ အကြောင်းအရာ ထူးထူးထွေထွေ မရှိရင် အရင်က 7 နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ ဖြတ်ကျော်ခဲ့ရတဲ့ အချိန်ကာလတွေ အကြောင်းနဲ့ ချစ်ခဲ့ဖူးသူ တစ်ယောက်အကြောင်းကို တစ်ဖန် ပြန်လည် ရောက်သွားပြီး..... သူနဲ့  ပြန်ပြောဖြစ်ကြပါတယ် ( တကယ်တော့ အကြိမ်ပေါင်းလည်း မနဲတော့ဘူး... )

အရည်မရ အဖတ်မရတဲ့ ဟိုဟိုဒီဒီ အကြောင်း တွေ ပြောရတာလည်း ပျော်စရာ တစ်ခုပါ။

တစ်ခါတစ်ခါတော့လည်း ဘ၀ဆိုတာ နေပျော်အုံးမှပါ....


ပိတ်ရက် မဟုတ်တဲ့နေ့ တွေမှာ...
















ပိတ်ရက်နေ့ တွေမှာ.... 


















Sunday, June 17, 2012

ဟိုရောက်ဒီရောက်

ငယ်ငယ်ကသိပ်လှချင်တယ်..
ဘာ့ကြောင့်လှချင်တာလဲ ဆိုတော့ လှတဲ့သူတွေကို သဘောကျလို့ ပေါ့..
အခုကောဆိုတော့.. လှချင်သေးတာဘဲ... ဒါပေမဲ့ ဘာမှ အားမထုတ်ချင်ဘူး..
ဥပမာ.. make up မလိမ်းချင်သေးဘူး... လိမ်းလည်း သူများတွေလို လှလာမှာမှ မဟုတ်တာ...
အဲ့ဒါဆိုတော့ ဘာလိမ်းလည်းလို့ မေးမှာဘဲ.
ရှိတာလိမ်းလိုက်တာဘဲ.. သနပ်ခါးရှိရင် သနပ်ခါးလိမ်းတယ်..
Cream တစ်မျိုးမျိုးရှိရင် အဲ့ဒီ့ ရှိတဲ့ cream ကို လိမ်းလိုက်တာဘဲ..
သူများတွေ လှတော့ အားကျတယ်.. အော်.. သူတို့ မှာ ကုသိုလ်ကောင်းလိုက်တာ ဆိုပြီး ငေးကြည့်နေတော့တာဘဲ...
အလုပ်လုပ်တုန်းကလည်း ကြောင်ချီးကုတ်နဲ့ ရုံးကိုသွားတာ များတယ်....
သနပ်ခါးကွက်တိကွက်ကြားက များပါတယ်.. ဘာ့ကြောင့်လည်း ဆိုတော့ အိပ်ရာက မထချင်လို့ ...
မနက်ကို အိပ်ရာထရတာကို သေရမှာထက်ကြောက်တယ်..
ကံကောင်းချင်တော့ သူငယ်ချင်းတွေက ချောချောလှလှတွေချည်းဘဲ... သူတို့ က လှလှပပနေဖို့ အမြဲအားပေးပါတယ်... မွေးစားထားတဲ့ ညီမလေးကလည်း ဈေးသွားရင် အမြဲလိုက်ပေးပါတယ်..
သူ့ ရဲ့ မွေးစား အမကို လှစေချင်လို့ လေ... ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ နေချင်သလို နေလိုက်တာပါဘဲ...
ရှိတဲ့ရည်းစားက ပစ်သွားတာလည်း မပြောနဲ့ မက်လောက်စရာမှ မရှိတာ...  မက်စရာရှိရင် ဘယ်ပစ်ပါ့မလဲ...
ရည်းစားအကြောင်းပြောရင် ရင်နာရလို့ မပြောတော့ပါဘူး....
ဒီညတော့ ဘလော့ဂ်လေးကို ဖုန်သုတ်ရင်းနဲ့ စိတ်လိုလက်ရနဲ့ ပြန်ရေးပါတယ်..
အရင်က ပို့ စ်တွေ ကို ဖျက်လိုက်တယ်... သီချင်းတစ်ချို့ ဘဲ ချန်ထားလိုက်တယ်..
လောကကြီးမှာ ဘယ်အရာကမှလည်း မတည်မြဲပါဘူး... မနှစ်က အရာကို ဒီနှစ် ကြိုက်ချင်မှ ကြိုက်မှာလေ...
ညညဆို မအိပ်ဘူး.. ဘာတွေ လုပ်နေသလဲဆိုတော့ ဒီလိုဘဲ ကွန်ပြူတာရှေ့ မှာထိုင်တာများပါတယ်..
အိမ်အလုပ်လည်း သိပ်မလုပ်ဖြစ်ပါဘူး.. ပုံနေတယ်...  အကူတစ်ယောက်ယောက်ရှိရင် ပိုအဆင်ပြေမယ်...
ပြောမဲ့သာပြောရတာပါ သိပ်မလိုပါဘူး... အိမ်အလုပ် မလုပ်ချင်ရင် ပုံထားလိုက်... လုပ်ချင်စိတ်ပေါက်လာရင် သီချင်းဖွင့်ပြီး ကောက်လုပ်လိုက်ပေါ့... နှစ်ယောက်ထဲ ရှိတာဆိုတော့ အပြစ်ပြောမဲ့သူမှ မရှိတာ...
သူငယ်ချင်းတွေကို သတိရတယ်... သူတို့ သတိရ ရ မရရပေါ့... သူတို့ သတိမရလည်း ကိစ္စမရှိပါဘူး... နေတတ်နေပါပြီ... အရင်တုန်းကတော့ သတိရလို့ မျက်ရည်ကျတယ်.. ငိုမိတယ်...
စိတ်ပျော့လွန်းတာလည်း ဖြစ်မှာပါ။ မျက်ရည်မခိုင်တာလည်း ဖြစ်မှာပေါ့... စိတ်အားငယ်တာတတ်တဲ့ အခံ ပါလာတော့လည်း တစ်ခုခုဆို အင့်ကနဲဘဲ.. ထိန်းလို့ ကို မရတာ... ချစ်တဲ့သူက ခံစားရတယ် ဆိုတာ မှန်တယ်.. ချစ်တာတော့မပြောပါနဲ့ တော့.. ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တယ်.. ကိုယ်နဲ့ ပတ်သတ်တဲ့သူတွေကို ချစ်တယ်... သူငယ်ချင်းတွေကိုလည်း ချစ်တာဘဲ ... အဲ့ဒီ့လို ချစ်ရင်း ချစ်ရင်းနဲ့ နောက်ဆုံး ကြီးကြီးကျယ်ကျယ် ပြောရရင် တိုင်းပြည်အထိပါ ချစ်လို့ တစ်ပတ်လုံး ဒေါသတွေနဲ့ မွှန်ထူနေလို့ ဘုရားတရား မလုပ်ဖြစ်တာ ဒီနေ့ နဲ့ ဆို (10) ရက် ရှိပြီ။ ပုတီးလည်း မစိတ်နိုင်တော့ဘူး...
ဘာဘဲ ဖြစ်ဖြစ် မနက်ဖြန်က စလို့ စိတ်သစ် လူသစ်နဲ့ နေပါမယ်... ထပ်ပြီး ပြောပြန်ပြီ။ ပြီးရင် တလွဲ။။။


Wednesday, October 26, 2011

Blue Night


သိပ်ကို ခံစားခဲ့ရတဲ့ သီချင်းလေးပါ။








-----

Tuesday, October 25, 2011

On The Floor

သိပ်ကြိုက်တဲ့ သီချင်းလေးပါ။








Wednesday, October 12, 2011

ဖြေသိမ့်လိုက်

ဖြေသိမ့်လိုက်....  ( အမှတ်တရ အနေနဲ့ ပါ။ )